ပြတ်သားတတ်သူတဲ့လား
အရှုံးပေးထားတာတောင်မှ
မျက်ရည်ကျပြရဦးမတဲ့
ငါ့ရင်ထဲက နှလုံးသားတစ်စုံ
နာကျင်ခြင်းတွေနဲ့ တုန်ရီနေခဲ့တယ်..
ခင်မင်မှုသက်တမ်းမှာ
မျက်ကန်းတစ်ယောက်လို
ဘာမဆို မင်းစိတ်တိုင်းကျ
ဖြစ်စေခဲ့တာတောင်မှ
ဘာကိုမှ အလိုမကျခဲ့ဘူးတဲ့လား
အာရုံနောက်တယ်ဆိုတဲ့စကား
ဓားထက်ထက်တစ်စင်းလို
ငါ့ရင်ကို ဟက်တက်ခွဲစေခဲ့တယ်..
သံယောဇဉ်တွေ ရင်မှာ အထပ်ထပ်
ရစ်ပတ်လို့နှောင်ဖွဲ့ မာနမဲ့စွာ
ငါ.. မင်းခြေရင်းမှာ ၀ပ်စင်းခဲ့တယ်..
စစ်တလင်းမဟုတ်လို့
စိန်ခေါ်တဲ့စကား ငါမပြောခဲ့မိဘူး
ရိုးသားစွာငြိတွယ်မိခဲ့တာ
အတိုင်းအတာထက်ပိုခဲ့တယ်..
မာယာဆိုတဲ့စကား
ငါ့ဆီက မင်းကြားဖူးရဲ့လား
အစွမ်းကုန်ချစ်ပြခဲ့တာတောင်
လုံလောက်တယ်မထင်မိဘူးတဲ့လား။
လမ်းခွဲမယ်ဆိုတဲ့စကား
နားထဲမှာ သံရည်ပူလောင်းသလို
အာရုံတွေမှာ ဆူဝေနေခဲ့တယ်.
ရွေးချယ်စရာ မရှိပါဘူး
မင်းထားရာ နေခဲ့မဲ့သူပါ..
မင်းချန်ခဲ့ရင်လည်း
ထားခဲ့တဲ့အရပ်မှာ
မတ်မတ်ရပ်ပြီး
ငါကျန်ခဲ့မှာပါ..
မင်းကတော့
ပြတ်သားတတ်သူတဲ့လား….
Wednesday, May 12, 2010
Subscribe to:
Post Comments (Atom)
ကဗျာတွေ လာဖတ်တာပါ..။
ReplyDeleteကဗျာလေးက ခံစားမှုကို ပေါ်လွင်အောင် ဖွဲ့ထားတာ ခံစားမိတယ်။